Fire at yadanarbom Market (Mandalay Fire)
မန္တလေးမြို့ရဲ့ အချက်အခြာဖြစ်တဲ့
ရတနာပုံဈေးမှာ နံနက် ၈နာရီဝန်းကျင်မှ စပြီး မီးလောင်တယ်လို့ သိလိုက်ရပါတယ်
ရတနာပုံဈေးကို အထပ် ၄ထပ်နဲ့ တည်ဆောက်ထားပါတယ်
အောက်ထပ်က ဈေးအဖြစ်ဖွင့်လှစ်ထားပါတယ်
ပထမထပ်က စကိုင်းဝေါ့ ရှော့ပင်းစင်တာ
ဒုတိယထပ်က ရီလက်စ် စားသောက်ဆိုင်နှင့်အမ်စီစီကွန်ပျူတာ
အခြား သင်တန်းများ၊ အထက်မြန်မာပြည်ဓာတ်ပုံအသင်း၊ မန္တလေးဓာတ်ပုံအသင်းရုံးများစသဖြင့်
တတိယထပ်က ရတနာပုံဆိုက်ဘာကော်ပိုရေးရှင်း(အမ်အိုင်စီတီ)
စတုတ္ထထပ်က ရေးဝေါလ်စင်တာ၊ ကွန်ပျူတာသင်တန်းများ၊ သင်တန်းများ၊ ဆန်းစတားဖိုတိုဂယ်လာရီ၊ တင်မိုးလွင်ရဲ့ မော်ဒယ်အေဂျင်စီ
မိုးကုတ်ပေါက်ပေါက်၊(အခုလက်ရှိ ၈နာရီမှာ မော်ဒယ်ရွေးပွဲလုပ်နေပါတယ်)
အဲလိုရှိနေတဲ့ ရတနာပုံဈေးကို နံနက် ၇နာရီခွဲမှာ စတင်ဖွင့်လှစ်ပါတယ်
အောက်ထပ်ဈေးအတွင်းရှိ စက်ချုပ်ဆိုင်ဟု ဆိုသော ဆိုင်ခန်း
ပန်းကန်ဆိုင်များအနီးက ဆိုင်ရှင်များမရောက်လာခင်မှာ နံနက်၇နာရီ၄၅လောက်မှာ
ညော်နံ့ရပြီး မီးလောင်တာတွေ့ရတယ်လို့ ပြောပြပါတယ်။
အဲလိုဖြစ်လို့ မီးသတ်ဆေးဗူးများနဲ့ ငြိမ်းသတ်စဉ်မှာပဲ မီးအားများပြီး အပေါ်ကို တက်သွားတယ်လို့ ဈေးမှ တာဝန်ရှိသူများထံက ကြားသိရပါတယ်။
မနက် ၈နာရီ၁၀မိနစ်လောက်မှာ မီးသတ်ကား အချက်ပေးသံကြောင့်
အိပ်ရာထပြီး မီးလောင်ရာကို သွားခဲ့ပါတယ်။
ကင်မရာမေ့လို့ ပြန်ယူရသေးတယ်။
အိမ်နဲ့ မီးလောင်တဲ့နေရာနဲ့ မန္တလေးပြ တစ်ပြခွဲခန့် ဝေးပါတယ်
အကွက်တစ်ကွက်စာ ကွာခြားတာပါ
ကျွန်တော် ရောက်တော့ ၈နာရီ ၁၅မိနစ်
ဓာတ်ပုံစရိုက်မိတော့ ၈နာရီ၁၆မိနစ်
ဈေး အရှေ့ဘက်ရှိ အပေါ်ဘက် မှန်ချပ်များကြားမှာ မီးခိုးများအူထွက်နေပြီး
ဈေးအလယ်ခေါင်မှာရှိတဲ့ အလယ်လွတ်နေတဲ့နေရာက မီးခိုးများစွာ ထွက်နေပါတယ်။
မီးစတင်လောင်ကျွမ်းမှုက လျင်မြန်စွာ ဖြစ်ပွားနေပြီး
မီးသတ်ကားများရောက်လာနေသော်လည်း အထဲမှာလှိုက်လောင်ကျွမ်းမှုကြောင့်
မည်သို့မှ မတတ်နိုင်ခဲ့ပါ။
အမြင့်ထောင်ပက်နိုင်တဲ့ မီးသတ်ကားများရောက်ရှိလာပြီး အပေါ်ဘက်က ပက်ဖို့ ကြိုးစားပေမယ့်
မှန်ချပ်များက ကာထားလို့ ဦးစွာ မှန်ချပ်များကို ထိုးခွဲရပါတယ်
အရှေ့ဘက်က မီးငြိမ်းသတ်ဖို့ ကြိုးစားဆဲမှာပဲ
မီးက မြောက်ဘက်ကို တစ်ဖြည်းဖြည်း တက်လာပါတယ်
တဖြည်းဖြည်း မီးက ရတနာပုံဈေးရဲ့ အရှေ့မြောက်ထောင့်ကို ဦးတည်လာပြီး
အရှေ့မြောက်ထောင့်ကတစ်ဆင့် အတွင်းပိုင်းက မီးတောက်ကို မြင်နေရပါတယ်။
အရှေ့ဘက်မှာလည်း လောင်ကျွမ်းမှုပြင်းထန်ဆဲပါ။
အရှေ့ဘက်က မြောက်ဘက်တစ်ခြမ်းလုံးကို ကူးစက်ပြီး
မြောက်ဘက် မုခ်ဦးအ၀င်ဘက်ကို လုံးဝကူးစက်ပြီး လောင်ကျွမ်းပါတယ်။
မီးအခြေအနေကြည့်ရင်း ဈေးကို တစ်ပတ်ပတ်ကြည့်တဲ့အခါ
အနောက်ဘက် စကိုင်းဝေါ့လ်အပေါ်ကနေ လူများ ပိုက်လုံးကိုတွယ်ဆင်းနေပါတယ်။
ဈေးတံခါး၊ ဆိုင်တံခါးများအားလုံးကို ပိတ်ထားတာကြောင့် ရယ်
အောက်က မီးအရှိန်ရယ်ကြောင့် အားလုံး အပေါ်တစ်ထပ်ကနေ ပိုက်နဲ့ တွယ်ဆင်းနေကြပါတယ်။
ဆက်ပြီး ပတ်ကြည့်တော့ ဈေးရဲ့ တောင်ဘက်ခြမ်းကတော့ မီးလောင်ခြင်းမရှိသေးပဲ
လူအချို့ သွားလာနေပါသေးတယ်။
ကျွန်တော်လဲ အရှေ့ဘက်ပြန်ရောက်တော့ မီးက အခြေအနေအတော်ဆိုးနေပါတယ်။
အရှေ့မြောက်ထောင့်မှာ အပေါ်ဘက် စင်တာများရဲ့ အဲကွန်းစနစ်ရဲ့ ဂတ်စ်အိုးများရှိနေပါတယ်။ အဆိုပါ ဂတ်စ်အိုးများအပေါ်ကို မီးသတ်တပ်ဖွဲ့က ရေဖျန်းထားသော်လည်း
မကြာခင်မှာပဲ မီးက အားများလာပြီး
ဂတ်စ်အိုးအချို့ ပေါက်ကွဲမှုဖြစ်ပြီး လူအများ လန့်ပြေးသည်အထိ ဖြစ်ခဲ့ပါတယ်။
မန္တလေးတိုင်းဆိုင်ရာ ဒေသခံလူကြီးများလည်း နံနက်၈နာရီခွဲခန့်မှာရောက်လာပြီး
အနီးကပ်ကြီးကြပ်ကြသော်လည်း အတွင်းလှိုက်လောင်တဲ့မီးက လုံးဝ မရပ်နားခဲ့ပါဘူး။
၁၀နာရီကျော်မှာတော့ အရှေ့ဘက်မြောက်ဘက်တစ်ခြမ်းလုံး ကုန်သွားပါပြီး
မီးက အောက်ထပ်ကနေ အပေါ်၊ အပေါ်က အောက်
လောင်စာရှိသမျှ လောင်နေပါတော့တယ်။
အတွင်းကို ၀င်ဖို့ကလည်း အပေါက်များမှာ ပိတ်ဆိုကနေပါတယ်။
အောက်ပိုင်း အချို့ ဆိုင်ခန်းများမီးလောင်ပြီး ပြာကျတော့မှ အပေါက်အချို့ ပေါ်လာပြီး
မီးသတ်တပ်ဖွဲ့ရဲ့ မီးသတ်ပိုက်များနဲ့ မီးသတ်တပ်ဖွဲ့ဝင်များ ဈေးအောက်ထပ်ကို ၀င်နိုင်ပါတယ်။
အတွင်းပိုင်းမှာက လောင်စာရှိသမျှ လောင်ထားပြီး မီးပင်လယ်ဖြစ်နေပါပြီ
အပေါ်ဘက်ကလည်း မီးသတ်က မှန်များကတစ်ဆင့် ထိုးခွဲပြီး ငြိမ်းသတ်နေတာရယ်
အပူကြောင့် မှန်များက ကွဲကျတာရယ်နဲ့
ဈေးဘေးလမ်းပေါ်မှာ မှန်များက ပြုတ်ကျနေပါတယ်။
အတွင်းဝင်ဖို့ အဲဒီအန္တရာယ်ကလည်း အားလုံးကို တော်တော် ဒုက္ခပေးခဲ့ပါတယ်။
အတွင်းဘက်ကို ၀င်ရောက်ငြိမ်းသတ်နိုင်သော်လည်း
အ၀င်ဝမှ အထဲကို များစွာမ၀င်နိုင်ပါဘူး
လောင်စာအားများတာကြောင့် အပူဒဏ်ရယ်
အဆောက်အအုံရဲ့ အပေါ်ဘက်က ကျတဲ့ ပစ္စည်းများကြောင့် အထူးသတိထားဝင်ခဲ့ကြရပါတယ်။
အရှေ့ဘက်က ၀င်ရောက်ပြီး ငြိမ်းသတ်နိုင်ပြီး မကြာခင်မှာပဲ
အမ်အိုင်စီတီ ၀င်ပေါက်က ပွင့်သွားပါတယ်။
ဒါကြောင့် အဲဒီဘက်ကလည်း ၀င်ရပါတယ်။
မီးသတ်ကားများရဲ့ ရေသယ်ဆောင်နိုင်မှု ကန်သတ်ချက်ကလည်း အတော်ပြသနာရှိခဲ့ပါတယ်။
ရေအဆက်မပြတ်ပေးနိုင်ဖို့ အထူးကြိုးစားသော်လည်း ဘက်ပေါင်းစုံက ရေသုံးတဲ့အခါ ရေပြတ်လပ်မှုကြုံကြပါတယ်။
မီးသတ်ကားများရဲ့ ပါဝင်တဲ့ရေနှုန်းက ရေနှုန်းအပြည့်နဲ့အဝေးကို ပက်ရတာကြောင့်
အကြားဆုံးမီးသတ်ကားက ၅ မိနစ်ပါပဲ။
ဒါကြောင့် ရေကုန်တဲ့ အတွက် စည်ပင်သာယာမှ မိလ္လာကားများကိုပါ ခေါ်ယူပြီး အသုံးပြုခဲ့ရပါတယ်။
မီးသတ်ကားများအနေနဲ့ အနီးပတ်ဝန်းကျင်ဖြစ်တဲ့
ကျောက်ဆည်၊ စဥ့်ကိုင်၊ စစ်ကိုင်း၊ မတ္တရာမှသာမက ပြင်ဦးလွင်မှလည်း ရောက်ရှိလာကြပါတယ်။ ရွှေဘိုဘက်ကထိ တဖြည်းဖြည်း အားလုံးအကူအညီတောင်းရပါတယ်။
အားလုံး ဈေးပတ်လည်မီးသတ်ကားများရောက်နေသလို့ ကျုံးဘေးမှာလည်း မီးသတ်ကားများ ၀ိုင်းပြီး ရေဖြည့်နေကြရပါတယ်။
ဒီလိုနဲ့ ၁၁နာရီခွဲကျော်ကျော်မှာ အပေါ်ထပ် မှာ လူရိပ်တွေ့တာကြောင့်
အပေါ်ကို တက်ရောက်ခဲ့ကြပါတယ်။
အပေါ်ထပ်က ဗီနိုင်းဆိုင်ရဲ့ တစ်ဖက်ခန်းမှာတွေ့တယ်လို့ ဆိုတာကြောင့်
ကြက်ခြေနီတပ်ဖွဲ့ဝင်များနဲ့အတူ နံရံကို ချိုးဖျက်ဝင်ခဲ့ကြသော်လည်း
လူမတွေ့ရခဲ့ပဲ
ရီလက် တစ်ခုလုံး ကုန်သွားတာပဲ မြင်ခဲ့ရပါတယ်။
အဲဒီနောက် ၁၂ခွဲလောက်မှာ အိမ်ပြန်ခဲ့ပြီး
၁နာရီကျော်ကျော်မှာ သူငယ်ချင်းတစ်ယောက်နဲ့အတူ တတ်နိုင်သမျှ ငှက်ပျော်သီး ၇ဖီး ၀ယ်လို့
မီးသတ်နဲ့ ကြက်ခြေနီ အစရှိတဲ့ မီးငြိမ်းသတ်နေတဲ့ အဖွဲ့တွေကို ကျွေးခဲ့ပါတယ်
နောက်တော့ စိတ္တသုခပရဟိတ လူငယ်များအနေနဲ့ ငှက်ပျော်သီး အဖီး၈၀ကျော်
၁၅၀၀၀ကျပ်ဖိုး ၀ယ်ယူလှူဒါန်းခဲ့ကြပါတယ်။
ကျွန်တော်တို့ ညနေပိုင်း ၃နာရီလောက် ကြည့်နေစဉ်မှာပဲ
မီးက မလောင်ဘဲ ကျန်နေတဲ့ ဈေးရဲ့ တောင်ဘက်ခြမ်းကို ဦးတည်နေပါတယ်။
အတွင်းပိုင်း လှိုက်လောင်တာကြောင့်
ဘယ်လိုမှ မတတ်နိုင်ပဲ အပြင်ကို မကူးစက်ရေး အဓိကထားပြီး
ကြိုးစားနေကြပါတယ်။
ကျွန်တော်တို့ အခု ပို့စ်တင်ချိန်အထိ လောင်ကျွမ်းနေတုံးပါပဲ။
အခု ခြောက်နာရီခွဲခါနီးထိ လောင်ဆဲမို့
စတင်သိရှိချိန် ၈နာရီကနေ တွက်ရင်တောင်မှ
စုစုပေါင်းကြာချိန် ၁၀နာရီကျော်ခဲ့ပါပြီ
ဒါကြောင့် ယနေ့ ညပိုင်းအထိ လောင်ကျွမ်းနိုင်ပြီး
လောင်စာကုန်မှ ဈေးတစ်ခုလုံးပြိုကျမှ
မီးလောင်မှု ပြီးမယ်ထင်ရပါတယ်။
ပျက်စီးဆုံးရှုံးမှုအနေနဲ့ကတော့
ကျွန်တော်သိတဲ့ ဗီနိုင်းဆိုင်တစ်ခုတည်းကတင် တန်ဖိုး ကျပ်သိန်းနှစ်ထောင် ခန့် ပါသွားပါတယ်တဲ့
မန္တလေးမြို့ရဲ့ အဓိက စီးပွားရေးအဆောက်အအုံလို့တောင် ခေါ်နိုင်တဲ့
ဒီမီးလောင်ကျွမ်းမှုကြောင့် ခန့်မှန်းတန်ဖိုးကို ဘယ်လို တွက်ရမယ်တောင် မသိနိုင်တော့ပါဘူး။
အားလုံး ခန့်မှန်းပြီး တွက်ကြည့်ရင်တောင် အနည်းဆုံး အမ်အိုင်စီတီရဲ့ ကွန်ပျူတာဆိုင်ရာပစ္စည်းများကတင် ငွေကျပ်သိန်း ထောင်ပေါင်း များစွာ တန်နေပါတယ်။
စုစုပေါင်း ငွေကျပ် သိန်းထောင်ပေါင်းများစွာ
သိန်းထောင်ပေါင်း တစ်ထောင်ကျော် . .
အင်းဘယ်လိုပြောရပါ့
မြန်မာကျပ်ငွေနဲ့ တွက်ဖို့ စဉ်းစားပြီးသာ ကြည့်ကြပါတော့။
လူဆုံးရှုံးမှုအနေနဲ့ နိုင်ငံတကာသတင်းဌာနများမှာ နှစ်ဦးသေဆုံးတယ်လို့ ဖော်ပြပါတယ်။
လက်တွေ့ မီးလောင်ပြင်မှာတော့ သေဆုံးမှုရှိလို့ ကြားသော်လည်း တရားဝင်မသိရသေးပါ။
မီးလောင်မှုဖြစ်စဉ်ကြောင့် ဒဏ်ရာရ မီးသတ်၊ ကြက်ခြေနီများကတော့
အများကြီးပါပဲ။
သေဆုံးမှု၊ ဒဏ်ရာရမှု အတည်ပြုချက်ကတော့ မနက်ဖြန်လောက်မှ သိရမယ်ထင်ပါတယ်ဗျာ။
ငွေကြေးဆုံးရှုံးအပြင် အသက်ဆုံးရှုံးမှုပါများစွာ ရှိနိုင်နေပါတယ်။
အားလုံးလွတ်ကင်းမယ်လို့တော့ထင်ရတာပါပဲ။
ရတနာပုံဈေးအဆောက်အအုံတစ်ခုလုံးမှာ ခန့်မှန်း လူဦးရေ
၄၀၀၀ခန့် နေ့စဉ် ရောင်းဝယ်နေထိုင်ပါတယ်။
ဒါက ဈေးအတွင်းနဲ့ အခြားအထပ်များက ၀န်ထမ်း၊ ဆိုင်ပိုင်ရှင်များကို ပြောတာပါ။
ဈေးဝယ်သူနဲ့ အခြားသူများကတော့ များစွာ ရှိနေဦးမှာပါပဲ။
အခုဖြစ်ချိန်က မနက်ပိုင်းစောလို့ သာ ဈေးအတွင်း ၀ယ်သူမရှိလို့ အင်မတန် ကံကောင်းတာပါ။
နေလယ်ပိုင်းသာဆိုရင်တော့ အားလုံးအထပ်တိုင်းမှာ ၀ယ်ယူသူများနဲ့ စည်ကားနေရင် . . .
မတွေးရဲပါ။
ပျက်စီးဆုံးရှုံးမှုများက မန္တလေးမြို့ရဲ့ စီးပွားရေးကို ထိခိုက်ပြောင်းလဲနိုင်ပြီး
အလုပ်လက်မဲ့ပေါင်း ၂၀၀၀ကျော် အနည်းဆုံးဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။
ဘာဖြစ်ဖြစ် ယနေ့ မီးလောင်မှုမှာ သက်စွန့်ကြိုးပမ်း မီးငြိမ်းသတ်တဲ့
မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးဝန်ထမ်းများ၊ အခြား ရဲတပ်ဖွဲ့၊ လုံခြုံရေး စွမ်းအားများနဲ့ ပြည်ခိုင်ဖြိုး၊ မိခင်ကလေး၊ အမျိုးသမီးရေးရာ စတဲ့ လူမှုရေးအဖွဲ့ဝင်များအားလုံးကို အထူးပဲ ကျေးဇူးတင်မိပါတယ်။
အထူးကျေးဇူးတင်ရမှာကတော့ မီးလောင်ရာမှာ မီးငြိမ်းခြင်း၊ ဒကာများရဲ့ ပစ္စည်းကို ထိန်းသိမ်း သယ်ယူ စောင့်ရှောက်ပေးကြတဲ့ မန္တလေးမြို့က ရဟန်းသံဃာများပဲဖြစ်ပါတယ်။
ရှေ့တန်းက မားမားရပ်လို့ ကာကွယ် ကူညီကြတဲ့အတွက် အားလုံးကို အထူးပဲ ကျေးဇူးတင်မိပါတယ်
အခု ခြောက်နာရီ ခွဲကျော်ကျော်မှာပဲ မီးငြိမ်းသွားကြောင်း ဂျီတော့က သတင်းရလို့
သိလိုက်ရပါတယ်။
သွားကြည့်လိုက်ပါဦးမယ်
ဓာတ်ပုံတော့ နောက်နေ့ပေါ့ဗျာ
Filed under: မန္တလေးမြင်ကွင်း, သတင်း
i feel sorry as a fellow citizen
sorry for the lost and hope soon
sorry for the lost and hope recover soon.and also thanks all the monks whop help those people
စိတ်မကောင်းစရာဘဲဗျာ..
Thanks for your comprehensive report on fire accident. I really appreciate your efforts and sorry for the people who are affected by this accident. Please update with latest info if possible. Thanks.
Oh Jesus,
Very painful to hear the fire breakout news of Yadanabon Market.
Thanks to the monks & people who help at best they can.Hope well near future,
God Bless Mandalay.
smart,
ဝမ်းနည်းစိတ်မကောင်းဖြစ်၇ပါတယ် ..ကျွန်တော်လည်းမန္တလေးသူပါ ..
သေဆုံးမှု၊ ဒဏ်ရာရမှု တွေနည်းနိုင်သလောက်နည်းပါစေလို့ ဆုတောင်းပေးပါတယ် ..
ခုလိုဆောင်းပါးတင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ..
မီးခိုးတွေမြင်ရကတည်းက ဆုတောင်းပေးနေရုံကလွဲပြီး ဘာမှမလုပ်ပေးနိုင်ခဲ့တဲ့အတွက် စိတ်ထဲမှာမကောင်းပါဘူး..